Photo Box

  • GUNHONG International Co., Ltd.

Thursday, December 13, 2012

နှစ် ၃၀ အထိ အရစ်ကျပေးသွင်းရမည့် အိပ်ခန်း ၁၀၀၀၀ ကျော်ပါ တန်ဖိုးနည်းအိမ်ရာ စီမံကိန်း ၂ ခုအား ပြည်တွင်းလုပ်ငန်းရှင်များနှင့် အိုးအိမ် အကျိုးတူပူပေါင်း၍ စတင်ဆောင်လုပ်တော့မည်

နှစ် ၃၀ အထိ အရစ်ကျပေးသွင်းရမည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်း ၂ ခုအား ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တွင် ပြည်တွင်းလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ ၂၀၁၃ ခုနှစ်၊ နှစ်ဆန်းပိုင်းမှ စတင်ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဋ္ဌာန၊ မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဋ္ဌာနမှ သတင်းရရှိပါသည်။
အဆိုပါအိမ်ရာ စီမံကိန်း ၂ ခုမှာ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ဧရာဝဏ် အိမ်ရာစီမံကိန်းနှင့် ရတနာအိမ်ရာ စီမံကိန်းတို့ဖြစ်ပြီး စီမံကိန်း အိမ်ရာဖော်ဆောင်မည့် မြေကွက်များမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်လည်း ညှိနှိုင်းဆောင်ရွက်ပြီးဖြစ်ကြောင်း သိရှိရပါသည်။
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ဧရာဝဏ်စီမံကိန်းမှာ ဧက ၁၀၂.၄ ဧကရှိပြီး အဆိုပါ မြေကွက်ပေါ်တွင် ၈ ခန်းတွဲ ၉ ထပ်တိုက် အလုံးရေ ၄၃ လုံး၊ ၆ ခန်းတွဲ ၉ ထပ်တိုက် အလုံးရေ ၂၁ လုံးနှင့် ၄ ခန်းတွဲ ၁၂ ထပ်တိုက် အလုံးရေ ၁၀ လုံး တည်ဆောက်သွားမည်ဖြစ်ကာ ဧရိယာ စတုရန်းပေ အကျယ်အ၀န်း မတူညီသည့် တိုက်ခန်းပေါင်း ၄၇၁၀ ခန်းအား တည်ဆောက်သွားမည် ဖြစ်သည်။
အလားတူ ရတနာအိမ်ရာ စီမံကိန်းတွင် ဧက ၁၀၇.၇ ဧက ပါဝင်ပြီး အဆိုပါမြေကွက်ပေါ်တွင် ၈ ခန်းတွဲ ၉ ထပ်တိုက်အလုံးရေ ၄၆ လုံး၊ ၆ ခန်းတွဲ ၉ ထပ်တိုက်အလုံးရေ ၃၃ လုံးနှင့် ၄ ခန်းတွဲ ၁၂ ထပ်တိုက် အလုံးရေ ၁၃ လုံး တည်ဆောက်သွားမည်ဖြစ်ကာ ဧရိယာစတုရန်းပေ အကျယ်အ၀န်း မတူညီသည့် တိုက်ခန်းပေါင်း ၅၇၁၈ ခန်းအား တည်ဆောက်သွားမည် ဖြစ်သည်။
အဆိုပါ လူနေအိမ်ရာ ၂ ခုအား အဆင့်မီ ဖွဲ့စည်းနိုင်ရန်အတွက် လူနေအိမ်ရာ ၄၀ ရာခိုင်နှုန်း၊ စိမ်းလန်းမြေ၊ ပန်းခြံ၊ အားကစားကွင်းနှင့် အပန်းဖြေစခန်း ၃ ရာခိုင်နှုန်း၊ လမ်း၊ ရေမြောင်းနှင့် Utility ဧရိယာ ၂၀ ရာခိုင်နှုန်း၊ ဟိုတယ်၊ စူပါမားကတ် စသည့်စီးပွားရေးဇုန် ၁၀ ရာခိုင်နှုန်း၊ ကျောင်း၊ ဆေးခန်း၊ ဓမ္မာရုံ၊ ရပ်ကွက်ရုံးများအတွက် ၇ ရာခိုင်နှုန်း အသုံးပြုသွားမည် ဖြစ်သည်။
အဆိုပါ အိမ်ရာစီမံကိန်းများအနက် ဧရာဝဏ်အိမ်ရာမှာ မြေကွက်နှင့် လူမှုဆိုင်ရာ အဆောက်အအုံများနှင့် အခြားအဆောက်အအုံများ အပါအ၀င် ကျပ်သိန်းပေါင်း ၁၈၂၅၃၅၉.၅၂ သိန်း ကုန်ကျမည်ဖြစ်ပြီး အလားတူ ရတနာအိမ်ရာ စီမံကိန်းမှာလည်း ကျပ်သိန်းပေါင်း ၂၂၅၇၇၅၅.၈၄ သိန်း ကုန်ကျမည်ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါ ကုန်ကျငွေအပေါ် အခြေပြု၍ တန်ဖိုးနည်း၊ တန်ဖိုးလတ်နှင့် တန်ဖိုးမြင့်တိုက်ခန်းများ၏ ဈေးနှုန်းအား အခြေပြု တွက်ချက်သွားမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်။
အဆိုပါ အိမ်ရာအတွက် စီမံကိန်းကာလနှင့် တည်ဆောက်ခြင်းကာလ ၃ နှစ်သတ်မှတ်ထားပြီး ၁၀ နှစ်မှ နှစ် ၃၀ အထိ အရစ်ကျ ငွေချေစနစ်ဖြင့် တည်ဆောက်သွားမည်ဖြစ်ကာ လစဉ်ဝင်ငွေ ၈၈၀၀၀ ရရှိနေသူ၏ လစာဝင်ငွေ ၃၀ ရာခိုင်နှုန်းအပေါ် အခြေပြု တွက်ချက်ထားကြောင်းလည်း သိရှိရပါသည်။
အဆိုပါ အိမ်ရာစီမံကိန်း ၂ ခုတွင် တန်ဖိုးနည်းတိုက်ခန်း ၃၀ ရာခိုင်နှုန်းနှင့် တန်ဖိုးလတ်နှင့် တန်ဖိုးမြင့်တိုက်ခန်း ၇၀ ရာခိုင်နှုန်း ပါဝင်မည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။
“ကျွန်တော်တို့ဋ္ဌာနကနေ တန်ဖိုးနည်းအိမ်ရာတွေ ဆောက်မယ်ဆိုတော့ လူတွေကမေးမြန်းကြပါတယ်။ ဘယ်မှာဆောက်မှာလည်း၊ ဘယ်လောက်ဆောက်မှာလည်း၊ ဘယ်သူတွေကို ဦးစားပေးရောင်းမှာလည်း ဆိုတာမျိုးတွေ မေးကြပါတယ်။ ဒါတွေက ဖြေဖို့လည်းခက်ပါတယ်။ ၀န်ကြီးဋ္ဌာနအနေနဲ့ မူဝါဒချမှတ်ပြီး ရောင်းချမှာဖြစ်သလို ဈေးကစားမဲ့သူလက်ထဲ မရောက်အောင် စနစ်တကျ ထိန်းကွပ်ရောင်းချသွားမှာပါ” ဟု ဆောက်လုပ်ရေးဝန်ကြီးဋ္ဌာနမှ ညွှန်ကြားရေးမှုး ဦးဝင်းဇော်က ပြောကြားခဲ့ပါသည်။
အကျိုးတူ ပူးပေါင်းဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များအနေဖြင့် ဆောက်လုပ်မည့် တန်ဖိုးနည်းအိမ်ရာများအား ဆောက်လုပ်ရေးဝန်ကြီးဋ္ဌာန၊ မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဋ္ဌာနမှ သတ်မှတ်ထားသည့် စံချိန်၊ စံညွှန်းနှင့် အဆောက်အအုံပုံစံအတိုင်း စံချိန်မှီဆောက်လုပ်ရမည် ဖြစ်သည်။
မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဋ္ဌာနအနေဖြင့် ၂၀၁၃ ခုနှစ်မှစတင်၍ ၂၀၂၈ ခုနှစ်အတွင်း အိမ်ခန်းယူနစ်ပေါင်းတစ်သန်း ဆောက်လုပ်သွားမည်ဖြစ်ပြီး လာမည့်ငါးနှစ်အတွင်း အိမ်ခန်းပေါင်း ၃၅၀၀၀၀ စတင်တည်ဆောက်သွားမည်ဖြစ်ကာ လက်ရှိဆောက်လုပ်မည့် အိမ်ရာ ၁၀၀၀၀ ကျော်မှာ စမ်းသပ်ဆောက်လုပ်သည့် စီမံကိန်း ဖြစ်ကြောင်းလည်း သိရှိရပါသည်။
Ref: Eleven

No comments:

Post a Comment